Friday, November 1, 2013

်အချစ်သည် ထိုကဲ့သို့လည်း .....





ညနေခင်းတစ်ချို့  အိပ်တန်းတက်တော့မယ့် အချိန်မှာ
လျှပ်စီးတချက်က ကျနော့်ကို အငိုက်မိစေခဲ့တယ်

အိမ်ပြန်နောက်ကျတဲ့ သားကို မျှော်နေတဲ့ အမေရဲ့  မျက်နှာထားမျိုးနဲ့
ကောင်းကင်ကြီးက ကျနော့်ကို ခပ်မှိုင်းမှိုင်း ငုံ့ ကြည့် တယ်

ဖျက်ကနဲ ကျနော့် လျှပ်စီးလေး ထွက်ပြေးသွားတယ်

အာဒံက ဧ၀ကို ပန်းသီး ခူးကျွေးခဲ့တယ်ဆိုတာ
ကျနော် ယုံသွားပြီ

ပန်းသီးမဟုတ်တဲ့ လက်ထဲက အရာကို သေချာကိုင်စွဲပြီး
သူမနောက် အပြေးအလွှား.....

သူမဆံနွယ်ထက်မှာ မိုးစအချို့  အစအန မပျောက်သေး

ကျနော့် လက်တဖက်အောက်မှာ သူမအကြည့် တွေက
တအံ့တသြနဲ့ ယီးလေးခိုနေကြတယ်

“ ကျေးဇူးပဲ ” ဆိုတဲ့  ကမ္ဘာသုံး နှုတ်ဆက်စကားနဲ့အတူ
ရှက်ပြုံးလေး တစ်ခု ကြွေကျလာတယ်

သေချာတယ်

ကျနော် ရင်တွေ ခုန်မနေဘူး

ဒါပေမဲ့ လက်ထဲက ထီးကတော့
ခပ်သိမ့်သိမ့်လေး လှုပ်ခါနေခဲ့တယ်

သူမအနား ဖြတ်တိုက်လာတဲ့ လေပြေအေးက
ကျနော့်ကို တီးတိုးစကားဆိုလေတယ်

အချစ်လို့ထင်ပါသလားတဲ့

ကျနော် ခပ်ဆဆလေး ပြုံးနေမိတယ်

အတွေးထဲမှာတော့ .....................








မြရိပ်ဇင် (ဆေး-၂)

နယူတန် မတွေးလိုက်မိသော အချစ်



နယူတန် မသိလိုက်တဲ့ အမှန်တရား တစ်ခု ရှိတယ်

သူမ နှလုံးသားဟာ မြေဆွဲအားကို ဆန့်ကျင်နေတယ် ဆိုတာပဲ

အင်းပေါ့လေ
အချစ်ဆိုတာ ပန်းသီး တစ်လုံးမှ မဟုတ်ခဲ့တာပဲ

နယူတန် ခြွင်းချက်ထားဖို့ ကျန်ခဲ့တဲ့ သီအိုရီ တစ်ခု ရှိတယ်

သက်ရောက်မှုတိုင်းအတွက် တန်ပြန် သက်ရောက်မှုဆိုတာ သူမ ဒိုင်ယာရီ ထဲမှာ မပါဘူး

အင်းပေါ့လေ
အချစ်ဆိုတာ အလင်းတန်းမှ မဟုတ်ခဲ့တာပဲ

ခက်တာက
သည် ပန်းသီးကိုမှ မြည်းစမ်းနေချင်ခဲ့တာ
သည် အလင်းတန်းကိုမှ စူးစမ်းချင်နေခဲ့တာ

ဘာဖြစ်ဖြစ်
သူမကို ချစ်ခဲ့မိသည့်နောက် သူမရဲ့  အီကွေးရှင်းများနဲ့ သီအိုရီများကိုလဲ သင်ကြားရပေမပေါ့





မြရိပ်ဇင် (ဆေး-၂ )

တခါက အလွမ်း ...

အေးစိမ့်စိမ့် ဖြစ်နေတဲ့ ဆောင်းက လွမ်းလို့ကောင်းနေတယ်
အနွေးဓါတ်ကလည်း မပြယ့်တပြယ်ရယ်နဲ့ ဟိုလူကြီးကို သတိရနေတာက ဆိုးလှတယ်
အတိတ်မှာသာ အရသာရှိရင် သကြားခပ်များများထည့်  ပြီး ကော်ဖီလုပ်သောက်ချင်သေးတယ်
ရင်တုန်လည်း သက်သာတာပေါ့......

ပန်းတွေ ပွင့်နေလိုက်တာများ ကိုရွှေလိပ်ပြာတွေကိုတောင် မနာလိုဖြစ်လိုက်တာ
ဒင်းတို့က လေပြေညှင်းအသွဲ့ မှာ ယိမ်းတောင်နွဲ့ နေလိုက်သေးတယ်
ဆံနွယ်ထက်က နေရာလပ်ကလေးမှာတောင် သီကုံးနေကျ ပန်းတွေ မရှိတာကြာပြီပဲ
မရှိဆို ပန်ပေးသူနဲ့  အလှမ်းဝေးခဲ့တာကိုး....

ဆည်းဆာကလည်းကွယ် မှင်သက်မိအောင် တမင်ပဲ ကိုယ်ဟန်ပြခဲ့လေသလား
ခက်တာက စိတ်ကူးတစ်ချို့ က အရောင်တင်ဖို့ စုတ်ချက်မညီခဲ့ပါဘူး
ပုစွန်ဆီရောင် သမ်းနေတဲ့ ရေပြင်ကျယ်ကတော့  လက်ယပ်ပြီး ခေါ်နေလေရဲ့ 
မလာချင်သေးဘူး ဒီမှာ အရောင်ခြယ်နေတုန်းမို့လို့.........

မက်နေကျ အိပ်မက်ထဲမှာတော့ .......

လမ်းတစ်လျှောက်မှာ ပန်းတွေကအပြည့်

လက်ကိုဖွဖွလေးကိုင်ထားတဲ့ ဟိုလူကြီးရယ်

ပန်းချီဆွဲနေတဲ့ ပီကာဆိုရယ် ရှိတယ်






မြရိပ်ဇင် (ဆေး-၂)


Sunday, July 7, 2013

တောင်သာမြို့ သို့ field trip ဆင်းခြင်း ( အပိုင်း - ၁ )










တနေ့တခြား အသက်တွေ တဖြည်းဖြည်း ကြီးကြီးလာတဲ့နောက် သက္ကရာဇ်တိုင်းမှာ ကျွန်မတို့ အမှတ်တရဆိုတဲ့ ခြေရာလေးတွေ ချန်လေ့ရှိခဲ့ကြတယ်။အတိတ်ဆိုတဲ့အရာကတော့ ပြန်လိုချင်လို့ မရတော့တဲ့ အရာဆိုပေမယ့် ကျွန်မတို့ စိတ်ရှိတိုင်း တမ်းတမ်းတတ တူးဖော်နိုင်တဲ့ အကောင်းဆုံး အမှတ်တရဆိုလည်း မမှားဘူးမလား။

ဆိုးဝါးခဲ့တဲ့ အတိတ်ခါးခါးတွေကို မေ့ပျောက်ဖို့ ကြိုးစားရင်း သာယာကြည်နူး ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်လှလှလေးတွေဆီကိုတော့ ကျွန်မ ခဏခဏ အလည်ရောက်ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်နှစ် ခုနှစ်အားဖြင့် ၂၀၁၁ ဖေဖော်ဝါရီလ အစပိုင်းလောက်မှာ ကျွန်မတို့ နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသူတွေ တောလက် ကျေးရွာ မြို့နယ် ကွင်းဆင်းလေ့လာခြင်း လို့ အမည်ရတဲ့ field trip ကို သွားခဲ့ကြတယ်။

ပျော်စရာသိပ်ကောင်းတဲ့ စာကျက်စရာ အပူအပင်တွေကလွဲရင် သိပ်ကိုလွတ်လပ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဘ၀ရဲ့  အရိပ်တွေထဲမှာ ဒီ field trip လေးကလည်း ကျွန်မအတွက် မမေ့နိုင်တဲ့ ခဏခဏ လှန်လှောကြည့်ဖြစ်တဲ့ ဘ၀စာမျက်နှာလေးတစ်ခုပေါ့

အဖွဲ့ တစ်ဖွဲ့ မှာ ကျောင်းသူကျောင်းသား ၁၃ ယောက် မှ ၁၅ ယောက်ထိ ခွင့်ပြုထားတယ် ။ Preventive and Social Medicine - PSM လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လူမှုရေး ဆေးပညာ ဘာသာရပ်က လွှတ်တဲ့ field trip ပါ။ ခရီးတိုတစ်ခုအတွက် ပြင်ဆင်ကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  မျက်နှာလေးတွေမှာ ပျော်ရွှင်စရာအတိ စိတ်ညစ်စရာဆိုလို့ မြူတစ်မှုန်တောင် ရှာမတွေ့ တဲ့အချိန်။ အင်္ကျီဆင်တူလေးတွေအတွက် အော်ဒါကြိုမှာကြ၊ ချုပ်ဝတ်ဖို့ အစီအစဉ်ရှိသူတွေကတော့ အပ်ချူပ်ဆိုင်တွေမှာ ပြူတစ်ပြူတစ်သွားလုပ်ကြ၊ အီးစီလို့ခေါ်တဲ့ ကိုယ့်အဖွဲ့ခေါင်းဆောင်တွေ ကိုယ်စီ ကိုယ်ငှာ ဖွဲ့ ကြ ဓါတ်ပုံတွေ တူတူ ရိုက်ကြနဲ့ သိပ်ပျော်ဖို့ကောင်းတဲ့ အချိန်လေးတွေ။

သွားဖို့ တစ်ပတ် ဆယ်ရက်အလိုမှာ ဆေးတက္ကသိုလ် (၂) ရဲ့  ၀င်းတစ်ခုလုံး ပြာပြာနီနီ ညိုညိုရီရီ ၀ါဝါစိမ်းစိမ်း ယိမ်းမောင်နှံတွေလို အရောင်တွေစုံစီိလို့ အလှပေါ်အယဉ်ဆင့်နဲ့ အရောင်တွေပြိုင်နေကြတဲ့ ပန်းပွင့်များပမာ ပန်းခင်းကြီးတစ်ခင်းလိုပါပဲ။

အနီရောင်နဲ့ တစ်မျိုး လှနေတဲ့ ကိုကိုမမတွေကို တခြားအဖွဲ့ များက “ နွားရိုင်းသွင်းချိန် အဝှေ့ ခံရမယ် ” ဟူ၍တစ်မျိုး အ၀ါရောင်နဲ့ စတိုင်ကြွယ်နေတဲ့ မမတွေကို “ သချိုင်းစောင့် မဖဲဝါတို့ ယိမ်း ” ဟူ၍ တစ်ဖုံ အချင်းချင်း စနောက်ကြဖြင့် တ၀ါးဝါး ပွဲကျခဲ့သော အချိန်များ။ ကျွန်မတို့ အဖွဲ့ ရဲ့  ၀တ်စုံအရောင်ကတော့ ရွှေဥာဏ်တော်စူးရောက်တဲ့ ကျွန်မရဲ့  အများကြားမှာ ထင်ပေါ်စေလိုတဲ့ အကြံပေးချက်အရ အပေါ်ကပုံမှာပါတဲ့ လိမ္မော်ရောင် တောက်တောက်လေးတွေနဲ့ ပေါ့။ အဲဒီတော့ “ စီပီက စပွန်ဆာတွေ ” ဟူ၍ တစ်သွယ် “ စည်ပင်က ၀န်ထမ်းတွေ ” ဆိုပြီး တစ်မျိုးနဲ့ ၀ိုင်းဝန်း ထာပနာပြုကြပါတော့တယ်။

ဒီလိုနဲ့ ဆင်တူဝတ်စုံကိုယ်စီနဲ့ အဲဒီနေ့က စာသင်ခန်း ၇ ( theater 7 ) မှာ ကိုယ်သွားရမယ့် မြို့ ကို မဲနှိုက်ကြပါတော့တယ်။ အားလုံးရဲ့  စိတ်ကူးတွေ ဆုတောင်းတွေ အတွေးတွေထဲမှာတော့ ရန်ကုန်နဲ့ ဝေးရာကို ကျချင်တဲ့ စိတ်တွေ ကိုယ်စီနဲ့။ မဲနှိုက်လို့ ဥပမာ ရေတာရှည်မြို့ ဆိုရင် ရန်ကုန်နဲ့ အရမ်းနီးတော့ လမ်းခရီးက သိပ်ရင်ခုန်ဖွယ် မရှိဘူးပေါ့ရှင်။ ဥပမာ မန္တလေးတိုင်းဘက်က မြို့ တွေဘက် ကျရင်တော့ ဟေးခနဲ ထအော်ကြ ပြုံးပျော်ကြပေါ့။ အဖွဲ့ ရဲ့  အီးစီက မဲနှိုက်ရပါတယ် အဲဒီနောက်မှာမှ မဲလိပ်ကလေးကို ဖြေပြီး ဆရာဆရာမတွေကို ပြကြပြီး ကြေငြာကြပါတယ်။

ကျွန်မတို့ အဖွဲ့ ကတော့ မန္တလေးတိုင်းရဲ့  နယ်မြို့တစ်မြို့  ဖြစ်တဲ့ “ တောင်သာ “ ဆိုတဲ့ မြို့ လေးကို သွားရပါတယ်။ တောင်သာမြို့ လေးဟာ မြင်းခြံနဲ့ မိတ္ထီလာမြို့  ရဲ့  ကြားမှာ ရှိပြီး မန္တလေးမြို့ နဲ့လည်း နီးတဲ့ မြို့သေးသေးလေး တစ်မြို့ ပေါ့။ ပြည်သူ့ ဆေးရုံ တောင်သာမြို့ ဆိုတဲ့ ဆိုင်းဘုတ်လေးဆီကို Express ကားကြီးရပ်တဲ့ မြို့လယ် နာရီစင်ကနေ ကျွန်မတို့ မြင်းလှည်းလေးနဲ့ လာခဲ့ရတယ်။

ဆေးရုံရဲ့  အဆောင်လွတ် နှစ်ခုမှာ ကျွန်မတို့ ယောက်ျားလေးတစ်စု မိန်းကလေးတစ်စု နေရတယ်။ အဲဒီနောက်နေ့တွေမှာ ဆေးရုံရဲ့  အစည်းအဝေးတွေ အဲဒီမြို့ လေးကတဆင့် သွားရမယ့် ကျေးလက်ရွာလေးတွေ အကြောင်း ပြောကြ ဆွေးနွေးကြ၊ ရွာသူရွာသားတွေအတွက် ကြိုတင်ပြင်ဆင်လာတဲ့ ဆေးဝါးတွေအကြောင်း စသဖြင့် တိုင်ပင်ကြရင်း TMO - Township Medical Officer လို့ခေါ်တဲ့ တောင်သာဆေးရုံရဲ့  ဆရာဝန်မကြီးနဲ့လည်း ရင်းနှီးခဲ့ကြတယ်။

အဲဒီနောက် မြို့ ရဲ့  မီးသတ်၊ စည်ပင်၊ မြို့ ဈေး အစရှိတဲ့ နေရာတွေကို သွားကြပြီး ကာကွယ်ဆေးထိုးခြင်း၊ အမှိုက်နဲ့ ကျန်းမာရေး၊ မြို့ နေလူထုဘ၀ တိုးမြင့်ရေး အစရှိတဲ့ ကျန်းမာရေး ဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ကြတယ်။





Saturday, July 6, 2013

လွဲခဲ့ကြရာဝယ် ....

ဝေးကွာမှုတွေ အနားသတ်ထားတဲ့  ဆန့်ကျင်ဘက်အရပ်က ပြန်လာဖို့ နင် ကြိုးစားခဲ့ပါသေးတယ် ဆို ...
တွေ့ ဆုံကြုံကွဲ ပါလို့ ခုတော့ နင် တွေးတတ်သွားခဲ့ ပြီးပေါ့
တကယ်ချစ်တာပါ ဆိုတဲ့ နင်ပြောတဲ့ ဖြစ်ရပ်မှန်ဟာ ... အခြေအမြစ်မဲ့တဲ့ ကောလဟာလ တစ်ခုသာသာပဲလား ...

အလွဲတကာ့ အလွဲတွေ ထဲမှာ ငါတို့နှစ်ယောက် လွဲခဲ့ရတာ အဆိုးဆုံးဆို ...
တစ်ချို့  အလွဲတွေကို နင် တည့်ဖို့ မကြိုးစားတော့ဘူးပေါ့
ငှက်တွေ အတောင်တစ်ဖက်နဲ့ ပျံတဲ့ နင့် ပုံပြင်ထဲမှာ ငါက ရှင်ရက်နဲ့သေရတဲ့ လူတစ်ယောက်ပဲလား ...

ဘယ်လောက်ကြာကြာ လွမ်းရမယ်မှန်းမသိတဲ့ ရာသီတွေကို နင် နာကျည်းခဲ့တယ်ဆို ...
နွေမိုးဆောင်းဆိုတာ အမြဲသံသရာလည်နေမှာပဲလို့ နင် မြင်တတ်သွားပြီပေါ့
နင် လက်ပြနေတဲ့ တောင်စွယ်က နေအကွယ်မှာ ငါဇာတ်သိမ်းရမှာပဲလား ...

တကယ်ဆို

အရုပ်ကြိုးပျက်တဲ့ထိ က ခဲ့ရတဲ့  ရုပ်သေးက ငါ ပါ
ဘာပဲဖြစ်ဖြစ် Congratulations!!! ရွှေစင်ဆု ရအောင် နင် တော်လွန်းခဲ့လို့





မြရိပ်ဇင် (ဆေး-၂)

Thursday, June 27, 2013

ဖြစ်ရပ်မှန်



     ပြင်သစ်နိုင်ငံရဲ့ မြို့လေးတစ်မြို့မှာ ဖြစ်တယ်.... အချိန်ကား ....  ညီအစ်ကို မသိတသိ အချိန် ... ဂျွန် ဟု ခေါ်သော လူတစ်ယောက် ခပ်သုတ်သုတ် လမ်းလျှောက်နေသည်...  သူ့မျက်နှာကား စိတ်လှုပ်ရှားဟန် အပြည့်နှင့် ....

          လမ်းတစ်လျှောက်ရှိ လူများ သူ့ကို သတိမထားမိသည့်တိုင်အောင် ဂျွန် တစ်ယောက် ဟိုသည် ကျီးကန်းတောင်းမှောက် ကြည့်လျက် ... လျှောက်နေတုန်း....  ညကား ပီပြင်လာသည်နှင့်အမျှ သူလျှောက်နေသည်မှာလည်း လမ်းတစ်လျှောက်ကား ဆုံးခါနီးနေပြီထင့်...  လူတစ်ယောက်စ နှစ်ယောက်စ ခန့်ပင် မြင်ရတော့မှ ဂျွန် သက်ပြင်းသံ သဲ့သဲ့ ချရင်း အသက်၀၀ ရှုလိုက်သည်....

          ဂျွန် တစ်ယောက် ခါတိုင်းနဲ့မတူ ထူးထူးခြားခြား ဖြစ်နေရခြင်းမှာ သူ ဒီနေ့ ပွပေါက်တိုးခဲ့ သည် ဟု ဆိုရမည်... အလုပ်က အပြန်လမ်းတွင် ဂျွန် ညည်းသံသဲ့သဲ့ ကြားလိုက်ရသည်.... အသံလာရာ သို့ရောက်သော် . . . ဓါးတန်းလန်းဖြင့် လူတစ်ယောက် ကို ဘေးတွင် အတက်ချီကေ့စ် Attaching case တစ်လုံးနဲ့အတူ တွေ့လိုက်ရသည်...ထိုသူ အနားတွင်မူ  အနက်ရောင် ကုတ် အင်္ကျီနဲ့ လူတစ်ယောက် မှောက်လျက်လဲကျ နေသည်ကို တွေ့ရသည်... ညည်းသံကြားရသည်မှာ ဓါးတန်းလန်းနဲ့ လူဆီမှ ဖြစ်သည်

          ဂျွန် တစ်ယောက် အခြေအနေကို သဘောပေါက်ပြီးနောက် ထိုသူ ဘေးမှ ကေ့စ်ကို လှမ်းယူပြီး ဖွင့်လိုက်သည်... အထဲတွင်မတော့... သူ သေချာပင် မမြင်ဖူးသော ငွေပမာဏကို အစီအရီ ထည့်ထားတာ   တွေ့လိုက်သည်.   ညည်းသံပေးသော ဓားတန်းလန်းနဲ့ လူက အကြောင်းစုံ ပြောနေသည် သူ့ဆီမှ  ဓါးထောက်ပြီး ငွေလုရာ ပြန်လည် ထိုးကြိတ်ရင်း ခုလို ဓါးဒဏ်ရာ ဖြင့် နှစ်ယောက်လုံး လဲနေကြောင်း သူ့အား ဆေးရုံသို့  ပို့ပေးရန် အကူအညီတောင်းနေသည်

          ဂျွန် ထိုနေရာမှ ဝေးရာသို့ အလျင်အမြန်ဆုံး ပြေးထွက်လာလိုက်သည် ငွေပါသည့် အိတ်နှင့် အတူပေါ့.... အနောက်မှာ ဘယ်လိုဖြစ်ကျန်ခဲ့မလ်ဲသူ ခန့်မှန်းလို့ရသည် .... သို့ပေမယ့် ကံတရားက ပေးသော လက်ဆောင်ကို သူ ဘာလို့ငြင်းရမလဲ... အခွင့်အရေးဆိုတာ ပေးတုန်းလေး ယူထားရမှာလို့ ဂျွန်က ခံယူထားသည်.... သူ ငါးကြော်မကြိုက်သော ကြောင်မိုက်မဖြစ်ချင်... ကိုယ်ချင်းစာတရားတွေ ထောက်ထားညှာတာမှု တွေဆိုတာ ဘာလဲ  သူ သေချာလည်း မသိချင် သူ  တင်နေသော အကြွေးတွေလောက် အရေးမကြီးတဲ့ အရာတွေ သူ ဂရုမစိုက်ချင်..

          သူ့ရဲ့ မဖြစ်ညစ်ကျယ် လစာနဲ့ ရှားပါးတဲ့ ဘောနပ်စ် ကို စဉ်းစားမိသည်... အရင်က သူ့ဝင်ငွေဟာ အကြွေးတွေ တင်ရလောက်တဲ့အထိ မဟုတ်... အဆင်ပြေပြေလေး နေနိုင်ခဲ့တာ... လွန်ခဲ့တဲ့ကာလတုန်းက စီးပွားရေးကပ်ဆိုလား ဆိုက်လို့ နိုင်ငံတိုင်းက အလုပ်သမားတွေ လျှော့ချတဲ့ထိ ဖြစ်ကုန်တာ သူတို့ မြို့မှာ ... သူလည်းအဲဒီလျှော့ချတဲ့ထဲ ပါခဲ့တာ လက်ရှိအလုပ်က ထွက်ခဲ့ရလို့ အလုပ်ပြောင်းခဲ့ရတာ ခုလို အခြေအနေပေါ့..... ပြသာနာများ အပေါင်းအဖော်နဲ့ လာတယ်ဆိုတာ  ဂျွန်  အတွက်  သွေးထွက်အောင်ကို မှန်လွန်းလှချည်ရဲ့.... အမွေရထားတဲ့ တိုက်ခန်း မီးလောင်တဲ့အထဲ ပါသွားတာ အာမခံ မလုပ်ထားလို့ အလျော်တစ်ပြားတစ်ချပ်မှ မရလိုက်....

          သူ ထပ်မတွေးချင်တော့...  အိမ်ပြန်ဖို့ စဉ်းစားလိုက်သည် သို့သော် ငြူစူ မဲ့ရွဲ့နေမည့် မိန်းမ မျက်နှာကို သူ  မကြည့်ချင်တော့  ကလေးတွေ ...... စတဲ့ စတဲ့ အရာတွေကို ခဏတဖြုတ်ဖြစ်ဖြစ် သူ မေ့ထားလိုက်ချင်ပြီ ... ဒါနဲ့ပဲ လောက စည်းစိမ်ဆိုလား လူချမ်းသာတွေရဲ့ ထားစရာနေရာတောင် မရှိလို့ သုံးဖြုန်း ဇိမ်ခံနေရတဲ့ အရာတွေဆိုလား အဲဒါတွေနဲ့ သူ့ လက်ရှိ ဘ၀ကို မေ့ဆေး ခဏ ပေးဖို့ သူ ဆုံးဖြတ်လိုက်ပြီ.... အဲဒါနဲ့ပဲ...

          မြို့ကြီးတစ်ခုကို သူ သွားတယ်...... အဲဒီနောက်မှာ နောက်ဆုံးပေါ် မော်ဒယ် အမြင့်ဆုံး ဇိမ်ခံကား တစ်စီးကို သူငှားလိုက်တယ်... နာမည်ကြီး ဟိုတယ်တစ်ခုမှာ သူ တည်းခိုလိုက်တယ်.... ဈေးအကြီးဆုံး ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အရက်ပုလင်းထဲမှာ သူလိုချင်တဲ့ စိတ်ကူးအိပ်မက်တွေနဲ့ အတူ သူ့ကိုယ်သူပါ စီးမျောပစ်လိုက်တယ်  ...  ပြီးတော့ သူ့ ကိုယ်ကျင့်တရား အချို့ကိုပါ သူ  အရက်နဲ့ မြည်းချင်လာတယ်... အဲဒီအတွက် ဟိုတယ် ၀န်ထမ်း တစ်ယောက်ကို ဘောနပ်စ် ပေးပြီး သူ လိုချင်တဲ့ အမြည်းကို သေချာ မှာလိုက်တယ်.... သူ့ ကိုယ်ကျင့်တရားတွေ အရည်ဖျော်ဖို့အတွက် အကောင်းဆုံးအမြည်းကို ဟိုတယ်ဝန်ထမ်းလေးက ပါးနပ်စွာ ယူဆောင်လာတယ်လေ...

         သူ ဘောနပ်စ် ထပ်ပေးလိုက်ရင်း  ဟိုတယ်ဝန်ထမ်း ကောင်လေး ကို မျက်လုံး တစ်ဖက်မှိတ်ပြလိုက်သည် ..... သူ ပထမ အကူအညီတောင်းခိုင်းတဲ့ ကောင်လေးတော့ မဟုတ်.. နောက်တစ်ယောက်ဖြစ်သည်.. ကိတ်စမရှိ.. ခုချိန်မှာ သူ....အရာရာကို ငွေနဲ့ ပဲ လမ်းခင်းချင်နေတာလေ.......အဲဒီနောက်မှာတော့ ကောင်လေး  ခေါ်လာခဲ့ပေးသော ပူစီမလေးနဲ့အတူ.. သူ့ဘ၀ရဲ့   paradise   ဟု သူ တပ်ထားသော ခေါင်းစဉ်အောက်တွင် သူကိုယ်တိုင် ... .... .... .... ..... .... 

          အောက်သိုးသိုး စိုထိုင်းထိုင်း အနံ့တစ်ခု ကို ဂျွန် ခံစားမိသည်.....နာမည်ကြီး ဟိုတယ်တစ်ခုအနေနဲ့ ဒီလို မဖြစ်သင့်ဟု ဂျွန် တွေးနေသည် ... အိပ်ရာမှ ထရန် သူ ကြိုးစားလိုက်သည်.... ဟင် ခနဲ နေအောင် သူ အံ့သြသွားသည် ... မအံ့သြ ခံနိုင်ရိုးလား ... သူ တည်း ခဲ့တာ ကြယ်သုံးပွင့်ဟိုတယ်ကြီးမျိုးပါ... ခု.ရောက်နေတဲ့ နေရာကား  ရိုးရိုး မိုတယ် တစ်ခုနှင့် မခြား ဟောင်းနွမ်းနေသော အခင်းအကျင်းများ.. ကိုတွေ့ လိုက်ရသည်...

          ရုတ်တရက် မှင်သက်နေရာမှ ဂျွန် တစ်ခုခုကို သတိရလိုက်ပြီး....ဘေးပတ်လည်ကို ကယောင်ကတမ်း လှမ်း ကြည့်လိုက်သည်.... ထင်ထားသည့်အတိုင်းပင် ငွေများထည့်ထားသော အိတ်မှာ မရှိတော့... သူ ထူပူစွာဖြင့် အိပ်ရာမှထလိုက်သောအခါတွင် ....သူ့ခါးတစ်ဝိုက်တွင် အောင့်ခနဲနာကျင်မှုကို ခံစားလိုက်ရသည်... နံရံကပ်နာရီမှ အချက်ပေးသံကား လက်တံတို ၉ ကို အရောက်တွင် မြည်လာသည် ... နာရီထဲတွင် နေ့ရက်စွဲ ဘယ်နှစ်ရက်ဆိုတာပါ သဖြင့် သူ ရုတ်တရက်ကြည့်လိုက်ရာ နေ့စွဲမှာ  10 Oct ဟု ပြနေသည်... သူ ဟိုတယ်မှာ တည်းခဲ့တဲ့ ပထမဆုံးနေ့ကမှ 7 Oct ပဲ ရှိသည်... နာရီများ စက်ချို့ယွင်းတာလား....ဒါမှမဟုတ် သူ သုံးရက်လုံးလုံး အိပ်ပျော်နေ ခဲ့သည်လား.......

          ဝေခွဲရခက်စွာဖြင့် သူ အခန်းတံခါး ဖွင့်ရန် ထွက်သွားဖို့လုပ်သည် ... ခါးက တဖြည်းဖြည်း ပိုနာလာသလို ရှိသည်.... အောက်ဆင်းဖို့ သူ ဓါတ်လှေကားဆီ သွားနေတုန်း သူ့ခါးက မခံမရပ်နိုင်အောင် နာလာသည်... သူ ဖြည်းဖြည်းချင်း ခြေတစ်လှမ်းချင်း လျှောက်တော့မှ နည်းနည်း သက်သာသလို ရှိသည်... ပျောက်ကား မပျောက်သေး... ခပ်ညံ့ညံ့မိုတယ်တစ်လုံးရဲ့ ဓါတ်လှေကားကား တ အိ အိ တ ကျွိ ကျွိ မြည်ရင်း အောက်ဆုံးထပ် ရောက်လာသည်....

          Receptionကို တွေ့သည်နှင့်... သူသိချင်ဇောဖြင့် ခပ်သွက်သွက် လှမ်းလိုက်ရာ..... အားခနဲ သူ အော်လိုက်ပြီး   ခါးကိုကိုင်ရင်း ပုံစံပျက်သွားသည်...လဲမကျသော်လည်း ဇောချွေး အတန်ငယ်ထွက်လာသည်... အနီးအနားမှ လူတစ်ယောက်က သူ့ကို ကူတွဲပေးသည်... သူ အတွဲ မခံတော့ပဲ....ခပ်မြန်မြန် အနားမှာ ရှိတဲ့ ခုံတစ်လုံးမှာ ထိုင်လိုက်သည်... ဒုတိယအကြိမ် အလိမ်အညာမိ မခံနိုင်တော့ဘူးလေ..

          သူ့ခါးမှာ ဆိုးဆိုးဝါးဝါး တစ်ခုခုများ ဖြစ်ထားမလားဟု သူ သင်္ကာမကင်း ဖြစ်နေပြီ... ခါးနာရအောင်လည်း ဘာနှင့်မျှ မထိခိုက်မိ... အတန်ငယ်ကြာတော့ ဂျွန် တစ်ယောက် မနေနိုင်တော့ သူ့သံသယများ ငယ်ထိပ်တက်ဆောင့်နေပြီ...အကျီကို တ၀က်ခန့် မတင်လိုက်ပြီး သူ့ခါးကို လက်နှင့်အသာ စမ်းကြည့်လိုက်မိသည်... ညာဘက်ခြမ်းအရောက်... သူ မာမာဖုဖု အရာတစ်ခု စမ်းမိ သလိုရှိပြီ...... သေချာအောင် သူ့ ညာလက်ကို အသာမြှောက်ပြီး ခေါင်းကို ညာဘက် လှည့်ကြည့်လိုက်သည်......

           ......သူ တွေ့လိုက်သည်မှာ လက်စလက်န သိပ်မသေသပ်တဲ့ ချုပ်ရိုးတစ်ခု......................

           နွေခေါင်ခေါင် မိုးကြိုးပစ်သလို ဂျွန် ခံစားလိုက်ရသည်.....

          အဲဒီနောက်....သူ.... ခြေကုန်လက်ပန်းကျ..... နောက်မှီချလိုက်ကာ ယောက်ျားတန်မဲ့ သူ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်..... သူ တစ်ခါမှ မမက်ဖူးသော အိပ်မက်ဆိုး တစ်ခု သူ့ဘ၀တွေ ဖြစ်ခဲ့သည်... သူ ဘယ်လိုမှ မယုံနိုင် မယုံချင်သော်လည်း  .... ဘာမျှမတတ်နိုင်ခဲ့... ဘ၀တွင် တခါမှ မကြုံဖူးသော အရာတစ်ခုအတွက် သူ ဘယ်လိုမှ ယူကြုံးမရခဲ့.... နလန်မထူနိုင်အောင် အလဲထိုးရက်သော.... ကံတရား... အားအင်များကုန်ခမ်းကုန်သည်အထိ.....သူ အားပါးတရ တဘ၀စာ အတွက် ငိုခဲ့ရတယ် (သူခိုးလက်က သူဝှက်လုတဲ့အဖြစ်မှာ ... အဆစ်ပါသွားခဲ့ရတဲ့  မိမိကိုယ်ပိုင်ပစည်းအတွက် ဂျွန် တစ်ယောက် ယူကျုံးရနိုင်တော့မည်မထင် )

          .....တာဝန်ရှိသူများရဲ့ အကူအညီ နဲ့ ဂျွန် တစ်ယောက် ဆေးရုံတစ်ခုမှာ USG (Ultrasound) ရိုက်ရသည် ..Result ပုံမှာတော့.... ဂျွန်ရဲ့ ညာဘက် ကျောက်ကပ်တစ်လုံး မရှိတော့ပါ...........

....အတော်အတန် ခေတ်စားခဲ့သော မာဖီးယား ဂိုဏ်းတို့  ရာကူဇာ ဂိုဏ်း တို့လိုမျိုး ယခုလည်း ကျောက်ကပ် ခိုးထုတ်တဲ့ အဖွဲ့အစည်းများ မှောင်ခိုအဖွဲ့ကျနေချိန်တွင်  ဂျွန် မှာ ကံဆိုးသူ မောင်ရှင် ဖြစ်သွားရခြင်းဖြစ်သည်...



P.S - ပြင်သစ်နိုင်ငံတွင် ပူစီမလေးနဲ့ အပျော်လွန်ကာ သုံးရက်ခန့် အိပ်ပျော်နေပြီးမှ ကျောက်ကပ် ခိုးထုတ်ခံရမှန်း သိသော လူတစ်ယောက် အသည်းအသန် ငိုကြွေးခဲ့ရသည့် ဖြစ်ရပ်မှန်ကို အခြေခံပြီး ဇာတ်လမ်းဆင် ရေးသားထားခြင်း ဖြစ်ပါသည်...



ချစ်ခင်လေးစားလျက်
မြရိပ်ဇင် (ဆေး-၂)
10-Dec-2012, 9:42 pm (Myanmar)

ရင်ထဲက မိုးရာသီ


သူမ ထိုင်ငေးနေတဲ့ ပြတင်းပေါက်နံဘေး တိမ်ရိပ်တွေက ခပ်စိပ်စိပ်လေး ပြေးလွှားနေကြတယ်။ မျက်စိတဆုံး ငေးနေမိတဲ့ ခပ်မှိုင်းမှိုင်းကောင်းကင်ကနေ တာလွှတ်လိုက်သော အပြေးသမားတွေနှယ် သည်မိုးစက်ပေါက်တို့က သူမ လက်လေးတွေပေါ် အဲဒီကနေတဆင့် သူမ မျက်နှာပေါ် ခပ်ဖွဖွ ဦးခိုက်တယ်။ သည်မိုးစက်တွေလိုပဲ သူမရဲ့  အတွေးတွေ စိတ်ကူးလေးတွေ အသက်ရှုသံတွေက တဆင့် အဆင့်ဆင့်နဲ့ သူမ နှလုံးသားတစ်ခုလုံးကိုတောင် သိမ်းပိုက်ခဲ့တဲ့ ပုံရိပ်တစ်ခုရှိတယ်။ ရှိခဲ့ဖူးတယ်လေ။

    လွမ်းလိုက်တာလို့ တစ်ကိုယ်တည်းကြားနိုင်မယ် အသံမျိုးနဲ့ သူမ ရေရွတ်လိုက်မိတယ်။ တချိန်က နှစ်ကိုယ်ကြား ပြောခဲ့ဖူးတဲ့ အချိန်တွေကတော့ ဟိုးဝေးဝေးမှာ တိတိကျကျပြောရရင် ဟိုးခပ်ဝေးဝေးဆီက မိုးရာသီတခုထဲမှာ ကျန်ခဲ့ပြီလေ။
အတိတ်ဆိုတာ တရိပ်ရိပ်ပြန်ပြောင်းတွေးရမယ့် အရာမဟုတ်မှန်း သိပါရဲ့ နဲ့ သူမ မလိုက်နာနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူမဘ၀ထဲက အပြီးအပိုင် နှုတ်ဆက်သွားတဲ့ လူတစ်ယောက်ကို အဲဒီ အတိတ်ခါးခါးမှာပဲ မြင်တွေ့ နိုင်တော့လို့ပါ။

    သည်အလွမ်းတွေရဲ့  အတိမ်အနက်ဟာ ဘယ်လောက်နက်သလဲဆိုတာ သူ ဘယ်တော့မှ မသိနိုင်တော့ပါဘူး။ သည်အလွမ်းတွေရဲ့  အနောက်မှာ ကွယ်ဝှက်ထားတဲ့ တစုံတရာကိုလဲ သူ ဘယ်တော့မှ သိမြင်နိုင်တော့မှာ မဟုတ်ပါဘူး။ သူ သိပါစေရယ်လို့လဲ ဆုမတောင်းဖြစ်ခဲ့ပါဘူး။ ၀န်ခံပါတယ်လေ တခါတရံမှာ သက်ဆိုင်သူကို သိစေချင်တဲ့ ခပ်ရိုးရိုးအတွေးလေးတော့ ရှိခဲ့ဖူးပါရဲ့ ။ ဒါပေမဲ့လဲ ...... တနယ်တကျေးရဲ့  ရင်ခွင်လွှာမှာ ပျော်ရွှင်စွာ အသားကျနေပြီဖြစ်တဲ့ သူ့ ကို စိတ်အနှောင့်ယှက် မဖြစ်စေချင်တော့ပါဘူး။

    မိုးစက်လေးတွေက သိပ်ကို ပိုင်စိုးပိုင်နင်းဆန်လိုက်တာ ကြည့် ပါဦး သူမ မျက်နှာတစ်ခုလုံး ရွှဲစိုမတတ်ဖြစ်နေပြီ....။
   
    တကယ့်တကယ်တမ်းတော့ အပြင်လောကရဲ့  မိုးစက်ပေါက်တွေက တပ်ခေါက်သွားတာကြာလှပေါ့။ သည်မျက်နှာပေါ်က စိုစွတ်နေဆဲ အခြေအနေတခုကတော့ အပြင်လောကရဲ့  ၀သာန်မိုးနဲ့ လားလားမှမဆိုင်တဲ့ ..... မျက်ရည်ဆိုသောအရာ။  မဟောင်းသေးတဲ့ သူမရင်ခွင်ထဲက မိုးရာသီကတော့ သည်းလို့ကောင်းတုန်း ........။





မြရိပ်ဇင် (ဆေး-၂)

ရာဇ၀င်ထဲက အရှုံး

ဦးနှောက်ဆယ်လုံး အားနဲ့တောင်
နှလုံးသား တစ်ခုကို အနိုင်ရခဲ့လို့လား

ဒါကို ဒဿ အသိဆုံးပေါ့

တကယ်ဆိုရင် အချစ်ပဲလိုတယ်တဲ့လား
တိုးတိုးတိတ်တိတ်တော့ ပြော

ဒဿ ကြားရင် ရယ်လိမ့်မယ်

ရာဇ၀င်အတွင်ခံပြီး
အရှုံးတွေကို ပွေ့ ပိုက်ပြသွားတယ်လို့ ထင်လား

သေချာတာတော့

အချစ်မှာ မမျှတခဲ့တာ ဟိုးရှေးရှေးတည်းက





မြရိပ်ဇင် (ဆေး-၂)

photo by Sa Ya Lay

နှလုံးသား တစ်ခန်းရပ်ပြဇာတ်

အယုံလွယ်တယ်

ပျော့ညံ့တယ်

ခံစားလွယ်တယ်

အစွဲအလန်းကြီးတယ်

နူးညံ့ တယ်

အကြမ်းပတမ်းမခံဘူး

အဆိုးဆုံးကတော့

အမှတ်သည်းခြေမရှိတာပါပဲ

ဟုတ်ကဲ့

ခပ်ပိန်းပိန်း နှလုံးသားတစ်ခု အကြောင်း ပြောနေတာပါ

နားထောင်သွားနိုင်ပါတယ်

တစ်ခုပဲ !

ဆူဆူညံညံတွေ မလုပ်ကြပါနဲ့

သူက သိပ်လဲ ထိတ်လန့်လွယ်တာ .................








မြရိပ်ဇင် (ဆေး-၂)