Friday, January 31, 2014

မြေဇာပင် တမ်းချင်း

ဆီးရီးယားအပါအဝင် စစ်ဒဏ်ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ခံရတဲ့ ကလေးသူငယ်တွေဘဝကို အိုင်ဒီယာကောင်းကောင်းနဲ့ ရေးဆွဲထားတဲ့ စာမဲ့ကာတွန်း ဖြစ်ပါတယ်

ပုံကို အင်တာနက်မှ ကူးယူပါတယ်

" သေချာတာတော့ ခင်ဗျားတို့ ကျွန်တော်တို့
ယမ်းနံ့တွေတလူလူ ဗုံးကျည်ဆန်အထပ်ထပ်တွေကြားထဲ အမေပျောက်ရှာဖူးကြလိမ့်မယ် မထင်ဘူး "


* မြေဇာပင်တို့ရဲ့ တမ်းချင်း *

ဘယ်သူသေသေ မာနိုင်တဲ့ ငတေတစ်စုရဲ့ အမိန့်အောက်မှာ
အောက်ခြေနင်းပြားတွေ အဖိခံရ အနှိပ်ခံရ

သံလွင်တစ်ခက် အရေးပါ ဆိုပြီး လက်နက်သံတွေ ညံခဲ့တာ
ငြိမ်း ချမ်း ရေး တဲ့လားကွယ်

" စစ် " ဆိုတဲ့ စကား မကြားပါရစေနဲ့လို့ သူတို့ .....
ဆုတောင်းနေမလား .....
ခပ်ဟဟပွင့်နေတဲ့ နှုတ်ခမ်းတွေက အစာအဟာရကို တောင်းခံနေသလား .....

" ဥမမယ် စာမမြောက်သေးတဲ့ ကျွန်တော်တို့ အတွက် ခိုနားရာ ရင်ခွင်က ဟောဒီ အေးစက် မဲမှောင်လှတဲ့ ဗုံးခိုကျင်းကြီးပဲလား ? "

" ကျွန်တော်တို့ တခြားဘာမှ မတောင်းဆိုပါဘူး
ကျေးဇူးပြုပြီး ကျွန်တော်တို့ မိသားစုကိုပဲ ပြန်ပေးပါ "

" မေမေ့ကို ခေါ်လို့မရတော့ဘူး ...."

" ဖေဖေ့ကို ပြန်ရှာပေးပါ ........."

မျက်ဝန်းထဲက စကားသံတွေက အသံမထွက်နိုင်ပေမယ့် ခံစားချက်ဆိုတဲ့ ဝေါဟာရကို ကောင်းကောင်း ဘာသာပြန်နိုင်တယ်လေ

ဒီလိုနဲ့ပဲ မြေဇာပင်တွေခမျာမှာ ..........





မြရိပ်ဇင် (ဆေး-၂)

မတတ်နိုင်တော့၍

“ ဆရာ ... ”
“ အင်း ... ပြော ဆေးချိတ်ထားတာ ကုန်သွားလို့လား ... ဘီးလုံးလေးကို အောက်ဆုံးထိ အရင်ချထားလိုက်နော် .. ဒါလေးပြီးရင် လာခဲ့မယ် ”
“ မဟုတ်ဘူး ဆရာ ”
ဆေးပုလင်းချိတ်ရန် ဆေးထိုးအပ်ကြီးတစ်ချောင်းဖြင့် ကျွန်တော်လည်း အလုပ်ရှုပ်နေသည်မို့ လူနာရှင်ကို လှည့် မကြည့် အား။ ပြောရခက်နေသည့် ပုံဖြင့် ကျွန်တော့်ဘေးနားမှာ ရပ်နေသေးသော လူကြီးကား ကျွန်တော့်လှည့် အကြည့် ကို စောင့်နေပုံ။
“ ဒီလိုပါဆရာ ... ကလေးကို ကျွန်တော်တို့ ပြန်ခေါ်သွားချင်လို့ ”
“ ခေါ်သွားမလို့ ဆိုတာ .. ဘယ်ကိုလဲ ... အိမ်ကိုလား ”
“ ဟုတ်တယ် ဆရာ ဆက်မထားချင်တော့လို့ ”
“ ဆက်မထားချင်တော့ဘူးဆိုတာက ... ဆေးဆက်မကုတော့ဘူးလား ”
ကလေးက ရွာမှာ အရပ်လက်သည်နှင့် မွေးထုတ်ထားပြီး ကိုယ်ဝန်ရှိမှန်း ဗိုက်ကြီးပူလာမှပဲ သိတော့တာပါ ဆိုတဲ့ ကျန်းမာရေး အသိပညာ နကန်းမသိတဲ့ အမေ။ မွေးပြီးတော့လည်း ကာကွယ်ဆေးတွေ မထိုးထား ထိုးရကောင်းမှန်းမသိတဲ့ ပတ်ဝန်းကျင်ကနေမှ အသက် တစ်နှစ်နဲ့ နှစ်လလောက် ရှိပြီဖြစ်တဲ့ကလေး။ သည်တော့ကာ သည်လိုကလေးမျိုးမှ ရောဂါပိုးတို့ အကြိုက်မတွေ့လျှင်တော့ဖြင့် ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်ဖြစ်မှာပေါ့။ အခုကလည်း ကလေးက ဆေးရုံကို အဖျားနဲ့ တက်ပြီး ရောက်လာတာ။ အရင်းစစ်ကြည့် တော့ အမြစ်မြေက ဆိုသလို။ ရာဇဝင်ကိုလိုက်လိုက်တာနဲ့ risk များတဲ့ ကလေး။ လိုအပ်တာတွေ စစ်ဆေးပြီးနောက် အဖြေက ဦးနှောက်အမြှေးရောင် ရောဂါပိုးကြောင့် ဖြစ်တယ်။
“ အဘက ဘာတော်တာလဲ ”
“ အဖိုးပါ ”
“ အဖိုးက ဘာဖြစ်လို့ အိမ်ပြန်ခေါ်သွားမှာလဲ .... ဘယ်သူနဲ့ပြဖို့ စဉ်းစားထားတာလဲ ”
“ ကျွန်တော် ရွာက မြန်မာဆေးဆရာနဲ့ပဲ ကုချင်တယ် ဆရာ ”
သက်ပြင်းခိုးတစ်ခုကို ချလိုက်ရင်း ကျွန်တော် ရင်ထဲမှာ စိတ်မကောင်းခြင်းတွေ ကြီးစိုးသွားတယ်။
“ ဒီလိုရှိတယ် အဘ .... အခု ကလေးက ဦးနှောက်အမြှေးရောင်တဲ့ပိုးကြောင့် ခုလို တက်ပြီးဖျားနေတာ ... ဒါ အန္တရယ်ရှိတယ် စိုးရိမ်ရတယ် ဆိုတာကို ကျွန်တော် တခါ ရှင်းပြတယ်နော် ”
အဖိုးဖြစ်သူရဲ့  မျက်လုံးထဲက စိုးရိမ်ကြောင့်ကြမှုအရောင်တွေ ကျွန်တော်တွေ့ နေရတယ်။
“ အခု ကလေးက ဆေးရုံတက်နေတာလည်း ဒီနေ့နဲ့ဆိုမှ နှစ်ရက်ပဲ ရှိသေးတယ် ဟုတ်တယ်နော် အဘ။ တစ်ရက် နှစ်ရက်နဲ့တော့ ရောဂါကို ဥုံဖွဆိုပြီး ပျောက်အောင် လုပ်လို့မရဘူး။ အခုဆိုရင် ကလေးက စောင့်ကြပ်ကြည့်ရှုနေရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ လိုအပ်ရင်လိုအပ်သလို သုံးလေးလလည်း ဖြစ်နိုင်သလို လေးငါးလလည်း ဆေးရုံမှာ ကုသရမယ့် ရောဂါ ဖြစ်နိုင်တယ်။ သူ ခံစားနေရတဲ့ ဝေဒနာကို သက်သာအောင်ပဲ လုပ်လို့ရသေးတယ်။ ရောဂါပိုးကို ပျောက်အောင် ကုဖို့ဆိုတာ လိုကိုလိုအပ်တယ်။ ”
အဖိုးဖြစ်သူ မျက်နှာမှာ တဖြည်းဖြည်း ခံစားချက်မဲ့လာတာကို သူ ပြောရင်း အကဲခတ်နေမိတယ်။
“ ခုချိန်မှာ ကလေးက ကုလို့ရနိုင်သေးတဲ့ အခြေအနေပါ ... ဒီတော့ အဘတို့ စဉ်းစားပါ ... ဒီလို ကျန်းမာရေးစောင့်ရှောက်မှု ကျန်းမာရေးဝန်ထမ်း ဆရာဝန် ဆရာမတွေ ကြီးကြပ်နေတဲ့ ဆေးရုံမှာ ကုမလား။ အဘ ပြောတဲ့ ဗိန္ဒောဆရာနဲ့ပဲ ကုမှာလား ဆိုတာကတော့ အဘ သဘောပါ။ ”
အဖိုးဖြစ်သူရဲ့  မျက်နှာမှာ တွေဝေဒွိဟမှုတွေ စိုးရိမ်သောကတွေနဲ့ မွန်းကြပ်နေပုံရတယ်။ ကျွန်တော်က ဆက်ပြီးတော့ .
“ အဘ သိထားဖို့က ကလေးက သူခံစားနေရတာကို မပြောနိုင်ဘူး မဆုံးဖြတ်နိုင်ဘူး။ အဘတို့ကပဲ ဆုံးဖြတ်ခွင့်ရှိတယ်။ အဘတို့က လက်မခံပဲနဲ့လည်း ကျွန်တော်တို့ဘက်က အတင်းအကြပ် ဆေးကုသဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ အဘ စဉ်းစားပါဦးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကလေးဆိုတာမျိုးက နားလည်နိုင် ပြောနိုင် ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ အဘတို့လို တတ်သိနားလည်တဲ့ လူကြီးတွေကပဲ ကလေးနေရာကနေပြီး ကလေးအတွက် ဆုံးဖြတ်ပေးရမှာပါ။ ကျွန်တော်ပြောချင်တာကတော့ စဉ်းစားပါဦး။ ကလေးရဲ့  ကံတရားက အဘတို့လက်ထဲမှာပါ”
ပြောစရာစကားလည်း ကုန်သွားပြီမို့ ကျွန်တော်လည်း လုပ်လက်စများဆက်လုပ်နေလိုက်တယ်။
“ ကျွန်တော်တို့ မတတ်နိုင်တော့လို့ပါ ဆရာ ”
ကျွန်တော့်ကို တိုက်ရိုက်ပြောခြင်းမျိုးမဟုတ်ပဲ သူ့ဘာသာ တီးတိုးရေရွတ်ပြီး ကျွန်တော့်နားမှ ခပ်ရို့ ရို့  ထွက်သွားသော အဖိုးအိုရဲ့  နောက်ကျောကိုကြည့် ပြီး ဒုတိယအကြိမ် ကျွန်တော် သက်ပြင်းချမိပါတယ်။
နောက်တစ်နေ့ မှာတော့ ......
“ ဆရာမရေ ... ဟို Meningitis ကလေးလေးကို ဆေးရုံမှာ မရှိတဲ့ဆေးတွေ ဝယ်ခိုင်းမနေပါနဲ့တော့ Ward Fan ထဲကပဲ ခဏစိုက်ပေးထားလိုက်ပါဦး ”
“ အမယ်လေး .... ဆရာရယ် ... ဆရာကသာ တွေးပူနေ အဲ့မိသားစုက မနေ့ညကတည်းက Abscond (ဆေးရုံမှ ခွင့်ပြုချက်မရပဲ မိမိသဘောဖြင့် ဆေးရုံဆင်းသွားခြင်း) သွားပြီလေ။ ဆရာနှယ့် မနေ့က ရှင်းပြရတာသာ လေကုန်ပါရောလား။စေတနာကို နားမလည်တဲ့လူနာတွေနဲ့ တွေ့ ရင် စိတ်ညစ်ရပါ့ ဆရာရယ် ”
ဆရာမရဲ့  ကရားရေလွှတ်တတွတ်တွတ် ပြောနေသော စကားသံတွေကို ကြားတစ်ချက် မကြားတစ်ချက်။ ကျွန်တော့်ရင်ထဲ အလုံးအထည်တစ်ခု ရောက်လာသလို မွန်းကြပ်သွားမိတယ်။
“ မတတ်နိုင်တော့လို့ပါ ဆရာ ” ဆိုတဲ့ တီးတိုးစကားသံလေးကိုသာ နားထဲမှာ ပဲ့တင့်သံထပ်ပြီး ကြားယောင်မိနေတော့တယ်။ ကျွန်တော်တို့အတွက် သည်စကားသံက ခုမှ စကြားဖူးခြင်းမဟုတ်။ ဆေးရုံဆေးခန်း အဝန်းအဝိုင်းနဲ့ ပတ်သက်လာခဲ့ရသမျှ တောက်လျှောက်တွင် လူနာတွေဆီမှ ဆီမန်းရွတ်သလို တတွတ်တွတ် ကြားနေခဲ့ရသော စကား။ သူတို့ရဲ့  ဘဝအတွက်တော့ သည်စကားစုလေးက သူတို့ရဲ့  သေရေးရှင်ရေးပဲ။ ကျွန်တော်တို့ရဲ့  အစိုးရ သင်ကြားရေးနှင့် ကုသရေး ဆေးရုံကြီးဆိုတာကလည်း မတတ်နိုင်သူ အများစုတို့ အားကိုးအားထားရာ နေရာဖြစ်သော်လည်း.....။ ကျန်းမာရေးထောက်ပံ့မှု၊ ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများမှာ အစိုးရမှ အခမဲ့ ပေးအပ်ထားသော်ငြားလည်း .... ။ ဆင်ပါးစပ် နှမ်းပက်ဆိုသလို အားလုံးအတွက်တော့ မလုံလောက် မလောက်ငှ။
သြော် ... မတူညီတဲ့ ကံတရားတွေအတွက် ဘယ်သူ့ ကိုများ အပြစ်ဖို့ရပါ့မလဲ။ မြေပြင်က အပ်တစ်စင်း ကောင်းကင်ပေါ်က အပ်တစ်စင်း တွေ့ ထိဖို့ထက်တောင် ခက်ခဲလှပါတယ်ဆိုတဲ့ လူ့ဘဝကြီးဟာ ဆုလာဒ်တစ်ပါးပေလား။ ဒါမှမဟုတ် ဆင်းရဲဒုက္ခဟူသမျှကို ကဲ .. သွားလေ့ရော့ ခံလေရော့ဆိုပြီး တစ်ပွဲတစ်လမ်း အကဲစမ်းခိုင်းတဲ့ ကံကြမ္မာရဲ့  ရက်စက်မှုပေလား။ သေချာတာတစ်ခုကတော့ သမုဒ္ဒရာဝမ်းတစ်ထွာရဲ့  စေခိုင်းမှုအောက်မှာ တစ်ချို့ တွေကလည်း ကူးခတ်ဆဲ နစ်မြုပ်ဆဲ။ လူနာရှင် ပြောသွားသလို “ ဖြစ်သမျှ အရာရာ မတတ်နိုင်တော့ပါဘူး ” တဲ့လား။ ဒါမှမဟုတ် “ မတတ်သာတော့ဘူး ” ပေလား။
“ ဆရာရေ ... လုပ်ပါဦး ... ကျွန်မသားလေး တက်နေလို့ ” “ ကလေးက ထပ်အန်နေပြန်ပြီ ဆရာ ” “ ကလေးက နို့ကောင်းကောင်းမစို့ဘူး စိုးရိမ်ရလား ဆရာ ” “ အဖျားအရမ်းကြီးနေတာ ဒီနေ့ပါဆို တစ်ပတ်ပြည့် ပြီ ” “ ကလေးက ဓါတ်ဆားလည်း မဝင်ဘူး ဝမ်းတွေသွားတုန်းပဲ ဆရာ ” “ ဓါတ်ဆားထုတ်လေး ထပ်ပေးပါဦး ဆရာ ”
ပစ္စုပ္ပန်မှ နိစ္ဓဒူဝအသံများကား ကျွန်တော့်ကို လက်ရှိဘဝထဲကို ပြန်လည်ဆွဲခေါ်သွားတော့မှ အတွေးစခန်းရပ်မိတော့သည်မို့
“ တက်နေတဲ့ ကလေးကို ဘေးတစောင်းထား လာခဲ့မယ် ”
“ ဆရာမရေ ဟိုတစ်ယောက်ကို အဖျားလေး တိုင်းပေးပါဦး ”
“ ကလေးက ချက်ချင်း ဝမ်းရပ်သွားမှာမဟုတ်ဘူးလို့ ဆရာတို့ ရှင်းပြထားတယ်လေ ... သဘောပေါက်လား ... ဆရာတို့က ဝမ်းမသွားအောင် ဝမ်းပိတ်ဆေး ပေးတာ မဟုတ်ဘူးလေ ဝမ်းက တဖြည်းဖြည်းမှ ရပ်မှာလေ .. ဒီကြားထဲ သွားဦးမှာ ”
“ ဟိုကလေးအမေ ကဲရော့ ဒီမှာ ဓါတ်ဆားထုတ် ... ဝင်အောင်လည်း တိုက်ဦးနော် ”
ရုတ်ချည်းအလုပ်ရှုပ်သွားသော ဆရာဝန်ကလေးကား ဆေးရုံတွင်းရှိ လူနာကုတင်များဆီသို့ မျက်စိတဆုံးကြည့် ရင်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိနိုင်သော သက်ပြင်းတို့ကိုသာ နာနာချမိလေတော့သည်။







မြရိပ်ဇင် (ဆေး-၂)