Friday, November 1, 2013

်အချစ်သည် ထိုကဲ့သို့လည်း .....





ညနေခင်းတစ်ချို့  အိပ်တန်းတက်တော့မယ့် အချိန်မှာ
လျှပ်စီးတချက်က ကျနော့်ကို အငိုက်မိစေခဲ့တယ်

အိမ်ပြန်နောက်ကျတဲ့ သားကို မျှော်နေတဲ့ အမေရဲ့  မျက်နှာထားမျိုးနဲ့
ကောင်းကင်ကြီးက ကျနော့်ကို ခပ်မှိုင်းမှိုင်း ငုံ့ ကြည့် တယ်

ဖျက်ကနဲ ကျနော့် လျှပ်စီးလေး ထွက်ပြေးသွားတယ်

အာဒံက ဧ၀ကို ပန်းသီး ခူးကျွေးခဲ့တယ်ဆိုတာ
ကျနော် ယုံသွားပြီ

ပန်းသီးမဟုတ်တဲ့ လက်ထဲက အရာကို သေချာကိုင်စွဲပြီး
သူမနောက် အပြေးအလွှား.....

သူမဆံနွယ်ထက်မှာ မိုးစအချို့  အစအန မပျောက်သေး

ကျနော့် လက်တဖက်အောက်မှာ သူမအကြည့် တွေက
တအံ့တသြနဲ့ ယီးလေးခိုနေကြတယ်

“ ကျေးဇူးပဲ ” ဆိုတဲ့  ကမ္ဘာသုံး နှုတ်ဆက်စကားနဲ့အတူ
ရှက်ပြုံးလေး တစ်ခု ကြွေကျလာတယ်

သေချာတယ်

ကျနော် ရင်တွေ ခုန်မနေဘူး

ဒါပေမဲ့ လက်ထဲက ထီးကတော့
ခပ်သိမ့်သိမ့်လေး လှုပ်ခါနေခဲ့တယ်

သူမအနား ဖြတ်တိုက်လာတဲ့ လေပြေအေးက
ကျနော့်ကို တီးတိုးစကားဆိုလေတယ်

အချစ်လို့ထင်ပါသလားတဲ့

ကျနော် ခပ်ဆဆလေး ပြုံးနေမိတယ်

အတွေးထဲမှာတော့ .....................








မြရိပ်ဇင် (ဆေး-၂)

နယူတန် မတွေးလိုက်မိသော အချစ်



နယူတန် မသိလိုက်တဲ့ အမှန်တရား တစ်ခု ရှိတယ်

သူမ နှလုံးသားဟာ မြေဆွဲအားကို ဆန့်ကျင်နေတယ် ဆိုတာပဲ

အင်းပေါ့လေ
အချစ်ဆိုတာ ပန်းသီး တစ်လုံးမှ မဟုတ်ခဲ့တာပဲ

နယူတန် ခြွင်းချက်ထားဖို့ ကျန်ခဲ့တဲ့ သီအိုရီ တစ်ခု ရှိတယ်

သက်ရောက်မှုတိုင်းအတွက် တန်ပြန် သက်ရောက်မှုဆိုတာ သူမ ဒိုင်ယာရီ ထဲမှာ မပါဘူး

အင်းပေါ့လေ
အချစ်ဆိုတာ အလင်းတန်းမှ မဟုတ်ခဲ့တာပဲ

ခက်တာက
သည် ပန်းသီးကိုမှ မြည်းစမ်းနေချင်ခဲ့တာ
သည် အလင်းတန်းကိုမှ စူးစမ်းချင်နေခဲ့တာ

ဘာဖြစ်ဖြစ်
သူမကို ချစ်ခဲ့မိသည့်နောက် သူမရဲ့  အီကွေးရှင်းများနဲ့ သီအိုရီများကိုလဲ သင်ကြားရပေမပေါ့





မြရိပ်ဇင် (ဆေး-၂ )

တခါက အလွမ်း ...

အေးစိမ့်စိမ့် ဖြစ်နေတဲ့ ဆောင်းက လွမ်းလို့ကောင်းနေတယ်
အနွေးဓါတ်ကလည်း မပြယ့်တပြယ်ရယ်နဲ့ ဟိုလူကြီးကို သတိရနေတာက ဆိုးလှတယ်
အတိတ်မှာသာ အရသာရှိရင် သကြားခပ်များများထည့်  ပြီး ကော်ဖီလုပ်သောက်ချင်သေးတယ်
ရင်တုန်လည်း သက်သာတာပေါ့......

ပန်းတွေ ပွင့်နေလိုက်တာများ ကိုရွှေလိပ်ပြာတွေကိုတောင် မနာလိုဖြစ်လိုက်တာ
ဒင်းတို့က လေပြေညှင်းအသွဲ့ မှာ ယိမ်းတောင်နွဲ့ နေလိုက်သေးတယ်
ဆံနွယ်ထက်က နေရာလပ်ကလေးမှာတောင် သီကုံးနေကျ ပန်းတွေ မရှိတာကြာပြီပဲ
မရှိဆို ပန်ပေးသူနဲ့  အလှမ်းဝေးခဲ့တာကိုး....

ဆည်းဆာကလည်းကွယ် မှင်သက်မိအောင် တမင်ပဲ ကိုယ်ဟန်ပြခဲ့လေသလား
ခက်တာက စိတ်ကူးတစ်ချို့ က အရောင်တင်ဖို့ စုတ်ချက်မညီခဲ့ပါဘူး
ပုစွန်ဆီရောင် သမ်းနေတဲ့ ရေပြင်ကျယ်ကတော့  လက်ယပ်ပြီး ခေါ်နေလေရဲ့ 
မလာချင်သေးဘူး ဒီမှာ အရောင်ခြယ်နေတုန်းမို့လို့.........

မက်နေကျ အိပ်မက်ထဲမှာတော့ .......

လမ်းတစ်လျှောက်မှာ ပန်းတွေကအပြည့်

လက်ကိုဖွဖွလေးကိုင်ထားတဲ့ ဟိုလူကြီးရယ်

ပန်းချီဆွဲနေတဲ့ ပီကာဆိုရယ် ရှိတယ်






မြရိပ်ဇင် (ဆေး-၂)