Sunday, July 7, 2013

တောင်သာမြို့ သို့ field trip ဆင်းခြင်း ( အပိုင်း - ၁ )










တနေ့တခြား အသက်တွေ တဖြည်းဖြည်း ကြီးကြီးလာတဲ့နောက် သက္ကရာဇ်တိုင်းမှာ ကျွန်မတို့ အမှတ်တရဆိုတဲ့ ခြေရာလေးတွေ ချန်လေ့ရှိခဲ့ကြတယ်။အတိတ်ဆိုတဲ့အရာကတော့ ပြန်လိုချင်လို့ မရတော့တဲ့ အရာဆိုပေမယ့် ကျွန်မတို့ စိတ်ရှိတိုင်း တမ်းတမ်းတတ တူးဖော်နိုင်တဲ့ အကောင်းဆုံး အမှတ်တရဆိုလည်း မမှားဘူးမလား။

ဆိုးဝါးခဲ့တဲ့ အတိတ်ခါးခါးတွေကို မေ့ပျောက်ဖို့ ကြိုးစားရင်း သာယာကြည်နူး ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်လှလှလေးတွေဆီကိုတော့ ကျွန်မ ခဏခဏ အလည်ရောက်ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်နှစ် ခုနှစ်အားဖြင့် ၂၀၁၁ ဖေဖော်ဝါရီလ အစပိုင်းလောက်မှာ ကျွန်မတို့ နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသူတွေ တောလက် ကျေးရွာ မြို့နယ် ကွင်းဆင်းလေ့လာခြင်း လို့ အမည်ရတဲ့ field trip ကို သွားခဲ့ကြတယ်။

ပျော်စရာသိပ်ကောင်းတဲ့ စာကျက်စရာ အပူအပင်တွေကလွဲရင် သိပ်ကိုလွတ်လပ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဘ၀ရဲ့  အရိပ်တွေထဲမှာ ဒီ field trip လေးကလည်း ကျွန်မအတွက် မမေ့နိုင်တဲ့ ခဏခဏ လှန်လှောကြည့်ဖြစ်တဲ့ ဘ၀စာမျက်နှာလေးတစ်ခုပေါ့

အဖွဲ့ တစ်ဖွဲ့ မှာ ကျောင်းသူကျောင်းသား ၁၃ ယောက် မှ ၁၅ ယောက်ထိ ခွင့်ပြုထားတယ် ။ Preventive and Social Medicine - PSM လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လူမှုရေး ဆေးပညာ ဘာသာရပ်က လွှတ်တဲ့ field trip ပါ။ ခရီးတိုတစ်ခုအတွက် ပြင်ဆင်ကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  မျက်နှာလေးတွေမှာ ပျော်ရွှင်စရာအတိ စိတ်ညစ်စရာဆိုလို့ မြူတစ်မှုန်တောင် ရှာမတွေ့ တဲ့အချိန်။ အင်္ကျီဆင်တူလေးတွေအတွက် အော်ဒါကြိုမှာကြ၊ ချုပ်ဝတ်ဖို့ အစီအစဉ်ရှိသူတွေကတော့ အပ်ချူပ်ဆိုင်တွေမှာ ပြူတစ်ပြူတစ်သွားလုပ်ကြ၊ အီးစီလို့ခေါ်တဲ့ ကိုယ့်အဖွဲ့ခေါင်းဆောင်တွေ ကိုယ်စီ ကိုယ်ငှာ ဖွဲ့ ကြ ဓါတ်ပုံတွေ တူတူ ရိုက်ကြနဲ့ သိပ်ပျော်ဖို့ကောင်းတဲ့ အချိန်လေးတွေ။

သွားဖို့ တစ်ပတ် ဆယ်ရက်အလိုမှာ ဆေးတက္ကသိုလ် (၂) ရဲ့  ၀င်းတစ်ခုလုံး ပြာပြာနီနီ ညိုညိုရီရီ ၀ါဝါစိမ်းစိမ်း ယိမ်းမောင်နှံတွေလို အရောင်တွေစုံစီိလို့ အလှပေါ်အယဉ်ဆင့်နဲ့ အရောင်တွေပြိုင်နေကြတဲ့ ပန်းပွင့်များပမာ ပန်းခင်းကြီးတစ်ခင်းလိုပါပဲ။

အနီရောင်နဲ့ တစ်မျိုး လှနေတဲ့ ကိုကိုမမတွေကို တခြားအဖွဲ့ များက “ နွားရိုင်းသွင်းချိန် အဝှေ့ ခံရမယ် ” ဟူ၍တစ်မျိုး အ၀ါရောင်နဲ့ စတိုင်ကြွယ်နေတဲ့ မမတွေကို “ သချိုင်းစောင့် မဖဲဝါတို့ ယိမ်း ” ဟူ၍ တစ်ဖုံ အချင်းချင်း စနောက်ကြဖြင့် တ၀ါးဝါး ပွဲကျခဲ့သော အချိန်များ။ ကျွန်မတို့ အဖွဲ့ ရဲ့  ၀တ်စုံအရောင်ကတော့ ရွှေဥာဏ်တော်စူးရောက်တဲ့ ကျွန်မရဲ့  အများကြားမှာ ထင်ပေါ်စေလိုတဲ့ အကြံပေးချက်အရ အပေါ်ကပုံမှာပါတဲ့ လိမ္မော်ရောင် တောက်တောက်လေးတွေနဲ့ ပေါ့။ အဲဒီတော့ “ စီပီက စပွန်ဆာတွေ ” ဟူ၍ တစ်သွယ် “ စည်ပင်က ၀န်ထမ်းတွေ ” ဆိုပြီး တစ်မျိုးနဲ့ ၀ိုင်းဝန်း ထာပနာပြုကြပါတော့တယ်။

ဒီလိုနဲ့ ဆင်တူဝတ်စုံကိုယ်စီနဲ့ အဲဒီနေ့က စာသင်ခန်း ၇ ( theater 7 ) မှာ ကိုယ်သွားရမယ့် မြို့ ကို မဲနှိုက်ကြပါတော့တယ်။ အားလုံးရဲ့  စိတ်ကူးတွေ ဆုတောင်းတွေ အတွေးတွေထဲမှာတော့ ရန်ကုန်နဲ့ ဝေးရာကို ကျချင်တဲ့ စိတ်တွေ ကိုယ်စီနဲ့။ မဲနှိုက်လို့ ဥပမာ ရေတာရှည်မြို့ ဆိုရင် ရန်ကုန်နဲ့ အရမ်းနီးတော့ လမ်းခရီးက သိပ်ရင်ခုန်ဖွယ် မရှိဘူးပေါ့ရှင်။ ဥပမာ မန္တလေးတိုင်းဘက်က မြို့ တွေဘက် ကျရင်တော့ ဟေးခနဲ ထအော်ကြ ပြုံးပျော်ကြပေါ့။ အဖွဲ့ ရဲ့  အီးစီက မဲနှိုက်ရပါတယ် အဲဒီနောက်မှာမှ မဲလိပ်ကလေးကို ဖြေပြီး ဆရာဆရာမတွေကို ပြကြပြီး ကြေငြာကြပါတယ်။

ကျွန်မတို့ အဖွဲ့ ကတော့ မန္တလေးတိုင်းရဲ့  နယ်မြို့တစ်မြို့  ဖြစ်တဲ့ “ တောင်သာ “ ဆိုတဲ့ မြို့ လေးကို သွားရပါတယ်။ တောင်သာမြို့ လေးဟာ မြင်းခြံနဲ့ မိတ္ထီလာမြို့  ရဲ့  ကြားမှာ ရှိပြီး မန္တလေးမြို့ နဲ့လည်း နီးတဲ့ မြို့သေးသေးလေး တစ်မြို့ ပေါ့။ ပြည်သူ့ ဆေးရုံ တောင်သာမြို့ ဆိုတဲ့ ဆိုင်းဘုတ်လေးဆီကို Express ကားကြီးရပ်တဲ့ မြို့လယ် နာရီစင်ကနေ ကျွန်မတို့ မြင်းလှည်းလေးနဲ့ လာခဲ့ရတယ်။

ဆေးရုံရဲ့  အဆောင်လွတ် နှစ်ခုမှာ ကျွန်မတို့ ယောက်ျားလေးတစ်စု မိန်းကလေးတစ်စု နေရတယ်။ အဲဒီနောက်နေ့တွေမှာ ဆေးရုံရဲ့  အစည်းအဝေးတွေ အဲဒီမြို့ လေးကတဆင့် သွားရမယ့် ကျေးလက်ရွာလေးတွေ အကြောင်း ပြောကြ ဆွေးနွေးကြ၊ ရွာသူရွာသားတွေအတွက် ကြိုတင်ပြင်ဆင်လာတဲ့ ဆေးဝါးတွေအကြောင်း စသဖြင့် တိုင်ပင်ကြရင်း TMO - Township Medical Officer လို့ခေါ်တဲ့ တောင်သာဆေးရုံရဲ့  ဆရာဝန်မကြီးနဲ့လည်း ရင်းနှီးခဲ့ကြတယ်။

အဲဒီနောက် မြို့ ရဲ့  မီးသတ်၊ စည်ပင်၊ မြို့ ဈေး အစရှိတဲ့ နေရာတွေကို သွားကြပြီး ကာကွယ်ဆေးထိုးခြင်း၊ အမှိုက်နဲ့ ကျန်းမာရေး၊ မြို့ နေလူထုဘ၀ တိုးမြင့်ရေး အစရှိတဲ့ ကျန်းမာရေး ဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ကြတယ်။





Saturday, July 6, 2013

လွဲခဲ့ကြရာဝယ် ....

ဝေးကွာမှုတွေ အနားသတ်ထားတဲ့  ဆန့်ကျင်ဘက်အရပ်က ပြန်လာဖို့ နင် ကြိုးစားခဲ့ပါသေးတယ် ဆို ...
တွေ့ ဆုံကြုံကွဲ ပါလို့ ခုတော့ နင် တွေးတတ်သွားခဲ့ ပြီးပေါ့
တကယ်ချစ်တာပါ ဆိုတဲ့ နင်ပြောတဲ့ ဖြစ်ရပ်မှန်ဟာ ... အခြေအမြစ်မဲ့တဲ့ ကောလဟာလ တစ်ခုသာသာပဲလား ...

အလွဲတကာ့ အလွဲတွေ ထဲမှာ ငါတို့နှစ်ယောက် လွဲခဲ့ရတာ အဆိုးဆုံးဆို ...
တစ်ချို့  အလွဲတွေကို နင် တည့်ဖို့ မကြိုးစားတော့ဘူးပေါ့
ငှက်တွေ အတောင်တစ်ဖက်နဲ့ ပျံတဲ့ နင့် ပုံပြင်ထဲမှာ ငါက ရှင်ရက်နဲ့သေရတဲ့ လူတစ်ယောက်ပဲလား ...

ဘယ်လောက်ကြာကြာ လွမ်းရမယ်မှန်းမသိတဲ့ ရာသီတွေကို နင် နာကျည်းခဲ့တယ်ဆို ...
နွေမိုးဆောင်းဆိုတာ အမြဲသံသရာလည်နေမှာပဲလို့ နင် မြင်တတ်သွားပြီပေါ့
နင် လက်ပြနေတဲ့ တောင်စွယ်က နေအကွယ်မှာ ငါဇာတ်သိမ်းရမှာပဲလား ...

တကယ်ဆို

အရုပ်ကြိုးပျက်တဲ့ထိ က ခဲ့ရတဲ့  ရုပ်သေးက ငါ ပါ
ဘာပဲဖြစ်ဖြစ် Congratulations!!! ရွှေစင်ဆု ရအောင် နင် တော်လွန်းခဲ့လို့





မြရိပ်ဇင် (ဆေး-၂)